Print This Post Print This Post
Jan 31

ဖားကပ် တိုက်ပွဲကို မဖော်ပြမီ စစ်နှင့်ပတ်သက်သည့် စစ်သဘောထား အချို့ကို တင်ပြလိုသည်။ The purpose of the revolution war is peace. “တော်လှန်ရေး စစ်ပွဲ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်”။ ကျွန်ုပ်တို့ စစ်တိုက်နေခြင်းသည် တပါးသူကို ကျွန်ပြု အနိုင်ကျင့် စော်ကားရန် မဟုတ်။ အမျိုးသား လွတ်လပ်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ကျူးကျော်လာမှုကို ခုခံသည့် တရားသော စစ်ပွဲကို တိုက်နေခြင်းသာ ဖြစ်သည်။

၁၉၈၂ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉း၀၀ နာရီ ကရင်ပြည်နယ်၊ ဖားအံ ခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ တပ်မဟာ (ရ)၊ တပ်ရင်း (၁၉)၊ စစ်ကြောင်း (၁) တာဝန်ကျရာ စစ်ဒေသ တခွင်လုံး ဟေမန္တ ဆောင်းလရာသီ၌ ဆောင်းနှင်းမြူတို့ဖြင့် အေးမြနေလင့်ကစား နိုင်ငံရေး စစ်ရေး မတည်ငြိမ် မအေးချမ်းပေ။

တပ်မ (၄၄) ကွပ်ကဲမှုအောက် တပ်ရင်းများ ကျုပင်ခုတ် ကျုငုတ်မကျန် ဖြတ်လေးဖြတ် ဗျူဟာ ခင်းလျှက်ရှိသည်။

ဖြတ်လေးဖြတ် ဗျူဟာ - လူထုနှင့် အဆက်ဖြတ်၊ သတင်းဖြတ်၊ ရိက္ခာဖြတ်၊ သတ်ဖြတ် ဟူ၍ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ပြည် သိမ်းပိုက်ရေး စစ်ပွဲကာလ ဖက်ဆစ် ဂျပန်များ ကျင့်သုံးခဲ့သည့် Three All ပေါ်လစီ အတိုင်း ဖြစ်သည်။

Three All ပေါ်လစီ - Kill all အားလုံး သတ်။ Burn all အားလုံး မီရှို့၊ Destroy all အားလုံး ဖျက်ဆီး တို့ ဖြစ်သည်။

ကျွန်ုပ်တို့ ကရင်ပြည်တွင့်း လည်းကောင်း၊ ဘ၀တူ ညီအကိုတော် လူမျိုးစုများ၏ နယ်မြေများ၌ လည်းကောင်း ရန်သူက ဤအတိုင်း ကျင့်သုံးနေသည်မှာ ရာစုနှစ် တ၀က်ကျော်ခဲ့ပြီ ဖြစ်သည်။

ကျွန်ုပ်တို့ စစ်ကြောင်း (၁) သည် စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ (ယခု တပ်မဟာ (ရ) တပ်မဟာမှူး ဗိုလ်မှူးချုပ် သူရ စောဂျော်နီ) အနီးကပ် ကွပ်ကဲမှုဖြင့် ပိုင်ကျုံမြို့ နယ်တွင် လှုပ်ရှားလျှက် နောတဲခီးရွာ၌ တပ်ချထားသည်။

ထိုစဉ်ကာလ၌ တပ်ခွဲ (၁)သည် ဗိုလ်ကြီးဖားခလို ဦးစီး၍ တပ်မဟာ (၄) ဘိတ်ထားဝယ် ခရိုင်၌ တာဝန်သွားယူနေရသည်။ တပ်ခွဲ (၂) အား ဗိုလ်ကြီးလူးစီ (ဆုံး)၊ တပ်ခွဲ (၃) အား ဗိုလ်ကြီး အောင်လင်း (မယ်ပရ)၊ တပ်ခွဲ (၄) အား မိမိ၊ တပ်ခွဲ (၅) အား ဗိုလ်ကြီး ဂျော်ဖြူ (ဗိုလ်မှူးချုပ် ဂျော်နီ၏ ညီ) စစ်ကြောင်းဌာနချုပ် တပ်ခွဲအား ဗိုလ်ကြီး ဒေးဝါးတို့ အသီးသီး အုပ်ချုပ်မှု ပြုထား သည်။

ကျွန်ုပ်တို့ တပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီး မောင်ထွန်း(ဆုံး) ဖြစ်သည်။ တပ်ရေး ဗိုလ်ကြီး ရုံးထိုင်မှူးမှာ ဗိုလ်မှူးထွန်းကြိုင် (ဆုံး) တို့ ဖြစ်ကြသည်။

ကျွန်ုပ်တို့သည် တပ်မ (၄၄) ကွပ်ကဲမှုအောက်ရှိ ခမရ (၃) နှင့် (၅) တပ်ရင်းများ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့် အကဲခတ်လျက်ရှိသည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ပြောက်ကျား စစ်ပါရဂူတဦး ဖြစ်လာနိုင်သော ဗိုလ်မှူးဂျော်နီမှ …

“ကျနော်တို့ ဒီလို စစ်ကြောင်းကြီးနဲ့ လှုပ်ရှားနေရင် ဒီကောင်တွေ ၀င်တိုးရဲမှာ မဟုတ်ဘူး။ “တပ်အနည်းစုကိုသာပြပြီး ကျန် စစ်ကြောင်းကို ဖျောက်ထားမယ်။ ကျနော်နဲ့ တပ်စိတ်တစိတ် ပိုင်ကျုံ ရန်သူ့စခန်းနားက ဖြတ်ပြီး ကစိုရွာမှာ အယောင်ပြမယ်။ နှစ်ရက်လောက် နေပြမယ်။ စစ်ကြာင်းက ဒီမှာဘဲ ခိုနေဦး။ သုံးရက်လောက် ခိုပြီးမှ ညဘက် ညာမရော ဘက်ကနေ ဖားကပ်ကိုဝင်။ ဟိုရောက်ရင် တပ်ချ။ ပတ်လည် ကတုတ်ကျင်းတူး။ ခံစစ် စီမံချက်ချ။ ကျနော် ရန်သူကို ဒီဘက် ဆွဲခေါ်လာမယ်။ လုပ်ရိုးလုပ်စဉ်အတိုင်းဘဲ။ ပစ်ခတ်မှုဖြစ်လို့ သေနတ် မရရင် ‘မော်ထူး’ရမယ်။ အားလုံး ရှင်းလား”ဟု ညွှန်ကြားချက် ပေးပြီး တပ်စိတ်တစိတ်နှင့် ထွက်ခွာသွား တော့သည်။ (‘မော်ထူး’ စကောကရင် ဘာသာဖြင့် ဆေးပေါ့လိပ် ဖြစ်သည်။ ပစ်ခတ်မှုဖြစ်၍ ရန်သူ့ သေနတ် မရပါက ကြိမ်ဒဏ် (၂၅) ချက် ရိုက်ခံရမည်။ တပ်မှူး တပ်သား မရွေး ကျခံရမည့် ပြစ်ဒဏ် ဖြစ်သည်။ ကျည်ရောက် လူရောက် စီမံချက် ဖြစ်သည်။)
တိုက်ပွဲတခုဖြစ်သည့်အခါ၌ ရန်သူ့လက်နက် မရပါက တိုက်ပွဲသုံးသပ်ချက်မှာ တိုက်ပွဲ ရှုံးသည်ဟု သုံးသပ်သည်။ မိမိ တပ်မတော်ကို ရန်သူ့ လက်နက်ဖြင့် အင်အားဖြည့်တင်းရမည် ဟူသည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ စစ်ရေး ပေါ်လစီတခု ဖြစ်သည်။

စစ်ကြောင်းမှူး ဗိုလ်မှူး ဂျော်နီသည် နိုင်ငံတကာ စစ်ပါရဂူများဖြစ်သော တရုတ်စစ်ပါရဂူ ဖုံသက်ဝိုင်၊ မော်စီတုန်း၊ ငုယင်ဂီယပ်(ဇပ်)၊ ချေဂွေဗားရား၊ ဂျော့ခ်ျ ဂရီးဗတ်စ်၊ ဆွန်ဇူး၊ ကလော့ဇ်ဝစ်၊ လစ်ဒယ် ဟတ်၊ လက်ဝဲ သုန္ဒရ စသည့် စစ်ပါရဂူများ၏ သင်ကြားချက်များကို ဖတ်ခဲ့ဘူး၊ သင်ခဲ့ဘူးခြင်း ရှိမရှိကိုမူ မသိ။ သို့သော် ‘စစ်မြေပြင်ထက် ကောင်းသော စစ်တက္ကသိုလ် မရှိ’ ဆိုသည့် စစ်ဒဿနကို ကောင်းစွာ နားလည်သဘောပေါက်ခဲ့သည်ဟု ထင်သည်။ တိုက်ပွဲပေါင်း မြောက်များစွာမှ သင်ယူရှိခဲ့ပြီး ဖြစ်သည်။

‘ရန်သူကို အမျိုးမျိုး လှည့်စား၊ မြှူဆွယ် ကျုံးသွင်းပြီး အလျှင်အမြန်တိုက်’ ‘တိုက်ပွဲတိုင်း အလစ်အငိုက်ယူ’ ‘ရန်သူရဲ့ အားနည်းတဲ့ အပိုင်းကိုတိုက်’ ‘မနိုင်ပုံပေါ်ရင် အစီအစဉ်ရှိရှိ ဆုတ်’ (All warefare is base on deception) ဆိုသည့် ‘ပြောက်ကျားစစ်’ တိုက်နည်းဗျူဟာကို စစ်သားဘ၀က သင်ကြား မှတ်ယူထားခဲ့ပြီးဖြစ်သည်။

စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ တပ်စိတ်တစိတ်နှင့် စတင် လှုပ်ရှားလိုက်သည်နှင့် ထောက်လှမ်းရေး ကွန်ယက်ကို ဖြန်ဏ္ဍ}ကဲ ထားသည့် ရန်သူဏ္ဍ ထောက်လှမ်းရေးများမှ
“ငပွေးဂယောင်နီလာ အငယ်တခု နဲဏ္ဍ (ကစို) ဘက် ထွက်သွား” ဟူ၍ … ။

(‘ငပွေး’ ကရင်အမျိုးသားများကို နှံနှိမ်ခေါ်သည့် ဗမာ့ တပ်မတော်၏ လက်သုံး စကား၊
‘ဂယောင်’ ဂငယ်။ ဂျော်၊ စကားပြောစက် လျှို့ဝှက် သင်္ကေတ အခေါ်အဝေါ်၊
နီလာ။ နငယ်။ နီ၊
အငယ်တခု – တပ်စိတ်တစိတ်။ အ လတ် တခု – တပ်စုတစု။ အကြီးတခု – တပ်ခွဲ တခွဲ၊
(ဂယောင်နီလာ အငယ်တခု၊ ဂျော်နီ တပ်စိတ်တစိတ်နဲ့ ထွက်သွားခြင်းကို ဆိုလိုသည်။)

စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ ကစို ရောက်ပြီး အငြိမ့်ငှားသည်။ ထိုအငြိမ့်အဖွဲ့ကို ဖားကပ်သို့ ခေါ်ခဲ့သည်။ ရန်သူကို ဖားကပ်သို့ မြူဆွယ်၍ ကျုံးသွင်းရန် ခေါ်ခဲ့ ခြင်းဖြစ်သည်။ မိမိတို့ စစ်ကြောင်းသည် စီမံချက်အတိုင်း ညာမရော မှတဆင့် ဖားကပ်သို့ ည (၉) နာရီတွင် ရောက်ရှိသွားတော့သည်။

တပ်ခွဲများ သတ်မှတ်ထားသည့် နေရာ၌ နေရာယူခြင်း၊ ကတုတ်ကျင်းတူးခြင်း၊ ပစ်ပိုင်နယ် ရှာဖွေ သတ်မှတ်ခြင်းများ ပြုလုပ်ပြီး တပ်ခွဲရှိ ရဲဘော်များ တ၀က်ပွဲကြည့်၊ တ၀က် ကင်းချရန် ညွှန်ကြားလိုက်သည်။ စစ်ကြောင်းမှူး ငှားလာသော အငြိမ့်အဖွဲ့သည် ဖားကပ်ရွာ၌ စတင် ကပြလျှက်ရှိသည်။ ဆိုင်းသံ ဗုံသံက တညံညံ၊ ရယ်သံက တဝေါဝေါ၊ မင်းသမီး သီချင်းသံက တလွင်လွင်၊ ကြည်လင်အေးမြတဲ့ ညအချိန် ဖြစ်နေတော့သည်။

“ငပွေး ဂယောင်နီလာတော့ ခုလောက်ဆို မင်းသမီးတွေနဲ့ လုံးနေရောပေါ့။ ဒီကောင်တွေကို အရှင်ဖမ်းမယ်။ မနက်ဆိုရင် အတုံးအရုံး အိပ်ကုန်ပါပြီ” လို့ ရန်သူ့ တပ်ရင်းမှူး ယူဆနေမှာ ဖြစ်တယ်။ စီမံချက်သာ မရှိခဲ့ရင် ဖြစ်ရိုးဖြစ်စဉ်အရ ဒီအတိုင်း ဖြစ်မှာပါ။

နံနက် ၉း၀၀ နာရီထိုးပါပြီ၊ ‘ဒက် ဒက် ဒက် ဒုံး ဂျိမ်း ဂွမ်း’ ဟူသော လက်နက်ငယ်၊ လက်နက်ကြီး မျိုးစုံ အသံများသည် ဖားကပ်ရွာကို အရုပ်ဆိုး အကျည်းတန်သွား စေတော့သည်။

ရန်သူသည် ခတ်စိပ်စိပ် ရင်ဘောင်တန်း ပစ်ရင်း၊ အော်ရင်း ချီတက်လာသည်။ မိမိတို့သည် ကျည်ရောက် လူရောက် စနစ်ကို တိတိကျကျ လိုက်နာလုပ်ဆောင်သည်။ (ကျည်တတောင့် ရန်သူတယောက်)။ ပစ်ပိုင်နယ် (၂၅) ကိုက် အရောက် မိမိတပ်ခွဲ တပ်စု(၁) တပ်စိတ်(၁)မှ တပ်စိတ်မှူး တပ်ကြပ် မူးမူး ခေါ် ကော့နား၏ အမ်ဂျီ (၄၂) စက်လတ် စတင်လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် တပ်စု (၁) တစုလုံး၏ သေနတ်များ လှုပ်ရှား ပစ်ခတ်ကြတော့သည်။

ရင်ဘောင်တန်း ချီတက်လာသည့် ရန်သူ (၈) ယောက် အရုပ်ကြိုးပြတ် လဲကျကုန်တော့သည်။ အနည်းငယ် ညည်းညူရုံမှအပ မကြာခင် အသက်ထွက်ကုန်ကြတော့သည်။

မိမိတို့၏ ကျည်ရောက် လူရောက် စီမံချက်ကြောင့် သေနတ်ပေါက်သည်နှင့် ၀ါရင့် စစ်သည်တော်များ ရန်သူ့ လက်နက် ၈ လက်ကို သွားရောက် ကောက်ယူလိုက်ပြီး ဖြစ်သည်။ ၉ မမ ဘရောင်နင် ပစ္စတို ၂ လက်၊ ကာဘိုင် ၁ လက်၊ ဂျီ-၃ ဂျီ-၄ (၅) လက် သိမ်းပိုက် ရရှိလိုက်သည်။ တိုက်ပွဲကာလ (၁၅) မိနစ် သာ ကြာလိုက်သည်။ “လောကွားမှ တာဖ အသံ ကောင်းလား”၊ စစ်ကြောင်းမှူးမှ မိမိအားခေါ် နေသည်။ “တာဖမှ လောကွား အသံ ၅” မိမိ ပြန်ဖြေသည်။

(‘လောကွား’ စစ်ကြောင်းမှူး၏ စကားပြောစက်အမည်။ ‘တာဖ’ မိမိ စကားပြောစက်အမည်။ ‘အသံ ၅’ စက်အသံ အတိုးအကျယ်အဆင့်၊ ကြည်လင်ပြတ်သား ရှင်းလင်းမှု)

“အခြေအနေ သတင်းပို့” “သေနတ် ၈ လက်ဘဲ ရသေးတယ်။ ရန်သူ့ ညည်းသံ ကြားနေရတယ်”
“အကောင်းဆုံးဆက်လုပ်” ရန် ညွှန်ကြားလိုက်သည်။

ရှေ့ပြေးတပ်စု ခြေမှုန်းခံလိုက်ရပြီးနောက် မိမိတို့နှင့် ထိတွေ့မှု ဖြစ်နေသော တပ်ရင်းမှ လည်းကောင်း၊ ဖွေးထောရူရှိ ပိတ်ဆို့ရေး ယူထားသော အခြားစစ်ကြောင်းများမှ လည်းကောင်း (၈၁) မမ စိန်ပြောင်း၊ (ရ၅) မမ နောက်ပွင့် ရိုင်ဖယ်၊ (၆၀) မမ စိန်ပြောင်းစသည့် လက်နက်ကြီးများဖြင့် အပြင်းအထန် ပုံအော ပစ်ခတ်လျှက်ရှိသဖြင့် မိမိတို့ ၀န်းကျင် တခုလုံး မဲမှောင်နေတော့သည်။

တပ်ခွဲရုံးမှ ရဲဘော်များ ဖြစ်ကြသော တပ်ကြပ်ပုချို (၀မ်းခါ) (ကက်ဘလူး တိုက်ပွဲတွင် ကျဆုံး)၊ ရဲဘော် အောင်ပ၊ ရဲဘော် အယ်မွီး၊ ရဲဘော် ခင်မောင်ဦး တို့သည် ကတုတ်ကျင်းထဲမှနေ၍ ရန်သူ တက်လာ မည်ကို သဲသဲမဲမဲ ကြည့်နေသည်။ ပစ်ပိုင်နယ် (၂၅) ကိုက် ရောက်မှ ပစ်ကြမည် ဖြစ်သည်။

“လောကွားမှ တာဖ၊ ရန်သူ့ လက်နက်ကြီး ပစ်ခတ်မှု သတင်းပို့”။ ရန်သူသည် မိမိတို့ စကားပြောစက်သံကို ကြားဖြတ် နားထောင်လေ့ရှိကြောင်း သိရှိထားပြီး ရန်သူအား လှည့်စားရန် လိုအပ်လာပြီ ဖြစ်သဖြင့် “တာဖမှ လောကွား၊ (အလွန် တည်ငြိမ်သော လေသံဖြင့်) ရန်သူ့ လက်နက်ကြီး ပစ်နေတဲ့ကောင်တွေ တော်တော် ညံ့တယ်ဗျ။ ဘယ် နိုင်ငံမှာ သင်တန်း သွားတက်ထားတယ် မသိဘူး။ ပစ်ရာတခြား။ ရှရာတခြား ဖြစ်နေတယ်။ ဒီအတိုင်းသာ ဆက်ပစ်နေရင်။ ဗမာ တပြည်လုံးရောင်းပြီး ပစ်တာတောင် တယောက်မှ ထိမှာ  မဟုတ်ဘူး” ဟု ပြောလိုက်သည်။ အမှန်မှာ မိမိတပ်ခွဲမှ စစ်သည်တဦး၊ တပ်ခွဲ (၅)မှ စစ်သည်တဦး ဒဏ်ရာ အသီးသီး ရထားသည်။ မိမိ ရန်သူကို လှည့်စားနေမှန်း စစ်ကြောင်းမှူး သိနေသဖြင့် -

“ဒါဆို ဘယ်လောက်ကွာလဲ” လို့ မေးလိုက်ရာ -
“ကိုက် ၅၀၀ လောက်ကွာတယ်” ဟု ဆိုလိုက်ရာ -

ရန်သူ့ ဗျူဟာမှူးသည် ၎င်းတို့၏ လက်နက်ကြီးများကို အနောက်ဘက် ကိုက် (၅၀၀) သို့ ရွှေ့ခိုင်းလိုက်တော့သည်။ “အုံး ဒိုင်း ဂျိမ်း ဂွမ်း” “လောကွားမှ တာဖ၊ အခြေအနေ ဘယ်လိုလဲ” “တာဖမှ လောကွား (အလွန် ရှုပ်ထွေး ယောက်ယက်ခပ်နေသည့် အသံဖြင့် “အခြေအနေ မကောင်းဘူး၊ ထိပ်ပေါ်တည့်တည့်ဘဲ”ဟု ဖြေလိုက်သည်နှင့် …

ရန်သူဗျူဟာမှူးမှ “ဒီနေရာကို မှတ်ပုံတင်ထား၊ အတွဲလိုက်ပစ်၊ (၃) စက္ကန့် တလုံးပစ်” ဟု ညွန်ကြားသံကို မိမိတို့ ကြားဖြတ်စက်မှ ကြားနေရသည်။ ရန်သူ့လက်နက်ကြီး ကျည်များ မိမိတို့ အနောက်ဘက် ကိုက် (၅၀၀) လောက်တွင် သွားကျပေါက်ကွဲ နေသည်ကို မိမိနှင့် စစ်ကြောင်းမှူးတို့ ပြုံးနေသည်ကို ရန်သူ့ ဗျူဟာမှူး မြင်ခဲ့ပါမူ။

ရန်သူ့ လက်နက်ကြီး အန္တရာယ် ကင်းဝေးသွားသည်နှင့် ဒဏ်ရာဖြင့် ညည်းညူနေသော ရန်သူအား ချော့မြူသိမ်းသွင်း ခေါ်ယူရန် ရန်သူနှင့်အနီးကပ် (၁၀) ကိုက်သို့ ချည်းကပ်သွားလိုက်ပြီး “ဟေ့ရဲဘော် ဒို့ဆီလာခဲ့” ဟု ခေါ်လိုက်သည်။ “ကျနော် လာလို့ မရဘူး။ ခြေထောက်မှာ ဒဏ်ရာ ရထားတယ်” “ဒါဆို မင်းသေနတ် ရှေ့ချထား” ဟု ပြောပြောဆိုဆို မိမိ ကာဘိုင်သေနတ်အား ၎င်းထံ ချိန်ရွယ်ထားလိုက်သည်။ မိမိအား ရန်သူ လှည့်စား နေတာလား။ ဟုတ်မှဟုတ်ရဲ့လား ဆိုသော သံသယဖြင့် သတိကြီးစွာ ထားပြီး ရန်သူကို ကြည့်နေသည်။

“ကျနော့် သေနတ် မရှိတော့ဘူး။ အဖော်တွေ ယူပြေးသွားပြီ” ဟု ပြန်ပြောသည်။ စစ်မြေပြင်၌ ယခုလို ရန်သူနှင့် အပြန်အလှန် စကားပြောခွင့် ရပြီးသည်နှင့် ရန်သူကို မိမိတို့ စည်းရုံး သိမ်းသွင်းနိုင်ပြီး ဖြစ်သည်ကို သိလိုက်ပါပြီ။ “ဒါဆို တွား တက်ခဲ့” ဟု အော်ပြောလိုက်သည်။

စစ်မြေ ပြင် တခုလုံး ခေတ္တ တိတ်ဆိတ်နေသည်။ ရှေ့ပြေးတပ်စု ခြေမှုန်းခံလိုက်ရကြောင်း ဗျူဟာမှူး သိနေသည်။ တခုခု ဆောင်ရွက်လာမည် ဖြစ်သည်။ အချိန်ဆွဲနေ၍ မဖြစ်။

တွားတက်ခဲ့ရန် မိမိ ညွန်ကြားချက်ကို နာခံသည် ထင်သည်။ ရှေ့မှ ရန်သူ၏ လှုပ်ရှားသံကို ကြားလာသည်။ မြေကြီးနှင့် ကိုယ်ခန္ဓာ ပွတ်တိုတ်သံကို ကြားနေသည်။ တစတစ နီးလာပါပြီ။ မိမိ ကာဘိုင်သေနတ်အား သေချာစွာ ချိန်ရွယ်ထားပြီး ကြည့်လိုက်ရာ “အိုး။ ခြေ ထောက်မှာ သွေးတွေ။ ဒဏ်ရာ ရထားပါ လား”၊ ရန်သူကို ဆေးကုပေးရန် လိုအပ်နေပြီ ဖြစ်၍ ရဲဘော်နှစ်ဦးအား ရွာတွင်းသို့ ခေါ်သွားရန် ညွန်ကြားလိုက်သည်၊ “ဒီရန်သူကို ရွာထဲခေါ်သွား။ ဆေးမှူး ဆရာသာလေးဒေး ကျနော်နဲ့ လိုက်ခဲ့” ဟု ပြောပြောဆိုဆို ရွာထဲသို့ ခေါ်သွားလိုက်သည်။

ဒဏ်ရာရ ရန်သူသည် သွေးထွက်များသောကြောင့် ထင်သည်။ မျက်နှာဖြူဖတ် ဖြူယော် နှင့်။ ကျည်ကွယ်ရသော ထင်းပုံများကြား၌ ဆေးမှူး ဆရာသာလေးဒေး (ယခု တပ်ရင်း (၂၄) ဒုတိယ တပ်ခွဲမှူး ဗိုလ်သာလေးဒေး) သည် လုပ်စရာ ကိုင်စရာများ လုပ်နေသည်။ သွေးများကို ဆေးကြောနေသည်။ ဆေးထိုးပေးသည်။ ပတ်တီး စည်းပေးသည်။ စိတ်ရှည် လက်ရှည် ကိုင်တွယ် ကုသနေသည်။

စစ်မြေပြင်မှာ စစ်သားစုဆောင်းရေး ရှိသည်။ ဖမ်းမိရန်သူကို မသတ်ရ။ မနှိပ်စက်ရ။ ယဉ်ကျေးစွာ ဆက်ဆံပါ။ ဒဏ်ရာရ ရန်သူကို ဆေးကုသမှု ပြုပါ ဆိုတဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ သုံ့ပန်းပေါ်လစီကို ကျနော့်ဆေးမှူး နားလည် သိရှိထားပြီးဖြစ်သည်။

ဆေးမှူး၏ စိတ်ရှည်လက်ရှည် မေတ္တာစိတ်ဖြင့် ကုသမှုကြောင့် ဒဏ်ရာမှ သွေးတိတ်သွားတော့သည်။ ဆေးမှူးသည် မိမိအား မော့ကြည့်ကာ ရန်သူ အသက် စိုးရိမ်စရာ မရှိတော့ကြောင်း၊ အခြေအနေ ကောင်းသွားပြီ ဖြစ်ကြောင်း မျက်ရိပ်ပြလိုက်သဖြင့် မိမိ ၀မ်းသာမိသည်။ လူသား တယောက်ကို အသက်ရှင်နိုင်အောင် ရန်သူ – မိတ်ဆွေ မခွဲခြားဘဲ စစ်မြေပြင်မှာ ကယ်နိုင် လိုက်သဖြင့် ၀မ်းသာမိခြင်း ဖြစ်သည်။

မိမိတို့ ကရင်တမျိုးသားလုံးကို ကျွန်ပြု။ သတ်ဖြတ်နေသည့်၊ ရွာဖျက်၊ မီးရှို့၊ မုဒိန်းကျင့်၊ ပေါ်တာဆွဲ၊ လူမဆန်တဲ့၊ သိက္ခာ မဲ့တဲ့ အလုပ် အကုန်လုပ်တဲ့ ရန်သူကို ဘာကြောင့် ဆေးကုပေးရတာလဲ။ အခြေအနေ ကောင်းလာပြီဖြစ်သော ရန်သူသည် ဘာတွေ တွေးကြောက်နေမှန်းမသိ …

“အဘ အဘ။ ကျနော့်ကို သတ်မှာလား” တဲ့၊

ထိုအခါ သမယ၌ မိမိ ပုံသဏ္ဌာန် သည် တောပုန်းကြီး စံဖဲ ပုံပေါက်နေသလား မသိ။ လူသတ်သမားပုံများ ပေါက်နေသလား မသိ၊ “ကျနော့်ကို သတ်မှာလား” တဲ့။ အ မေရိကန် ဗိုလ်ချုပ်ကြီး ၀က်စ်မိုးလန်း ယူနီဖောင်း၊ စစ်ဖိနပ်၊ သံခမောက်၊ မုတ်ဆိတ် ပသိုင်းမွေး ထူလပျစ်နှင့် ဖြစ်နေသည်။

“မင်းကို သတ်မယ်ဆိုရင် ဒီအထိ ခေါ်လာပြီး ဆေးကုပေးပါ့မလား” စစ်သုံ့ပန်း ရန်သူသည် မိမိအား ကြောက်နေပုံရသည်။ ၎င်းတို့ တက်ခဲ့ရသော အခြေခံစစ်သင်တန်းကျောင်းများ၌ ကရင်သူပုန်တွေဟာ ဆိုးသွမ်းကြောင်း၊ ရက်စက်ကြောင်း၊ ဖမ်းမိရင် ၀ါးကြောပြားနဲ့ လည်ပင်းကို လှီးသတ်ကြောင်း၊ ၀က်တုတ်တုတ်ပြီး ထုတ်မှာဆွဲ၊ ၀ါးရင်းတုတ်နဲ့ ရိုက်သတ်ကြောင်း အမျိုးမျိုး သွားပုတ်လေလွင့် ပြောထား၊ သင်ထားမည်ကို သိလိုက်ရသည်။

“သူ့ကိုသတ်ရင် ကရင်ပြည်ရလာမှာမှ မဟုတ်တာ” “သူသတ် ကိုယ်သတ်ဆို ရင် ဒီအမုန်း သံသရာကြီး ဘယ်တော့ အဆုံးသတ်တော့မှာလဲ” “ခုခံစစ်ကို ဆင်နွဲနေတဲ့ တို့တပ်မတော်ဟာ တို့ အမိမြေထဲ ကျူးကျော် လာတဲ့ ရန်သူကို စစ်မြေပြင်မှာ ချေမှုန်းရမယ်။ ဖမ်းမိတဲ့ ရန်သူ့ စစ်သုံ့ပန်းကို တို့တပ်မတော် ရဲ့ သုံ့ပန်း ပေါ်လစီအတိုင်း ကျင့်သုံးရမယ်၊ စစ်ဖြစ်နေတဲ့ နှစ်ဘက်စစ်တပ်ဟာ ပြည်ထောင်စုဘွား ညီနောင်တွေ ဖြစ်တယ်၊ နိုင်ငံ ခြားသား ကျူးကျော်လာသူတွေ မဟုတ် ဘူး”

“တို့ညီနောင်များအကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို စစ်နဲ့ ဖြေရှင်းတဲ့ နည်းဘဲ ရှိသလား။ အခြားနည်း မရှိတော့ဘူးလား။ ၁၉၄၈ ခုနှစ်ကနေ ဒီနေ့အထိ စစ်ဖြစ်နေတယ်။ သတ်နေကြတယ်။ အပစ်မဲ့ ပြည်သူတွေ သောက်သောက်လဲ သေကြတယ်” သွေးပင်လယ်ထဲ လူ့အလောင်းတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည် ဖြစ်နေပြီ။

စိတ်မကောင်းစွာနဲ့ ဒဏ်ရာရ ရန်သူကို ကြည့်ပြီး လုပ်ကိုင်စရာများကို ဆက်လုပ်တော့သည်။ ကြောက်လန့်နေတဲ့ ရန်သူ စိတ်ငြိမ်သွားစေရန် “ဆေးလိပ် သောက်တတ် သလား” ဟု မေးရာ သောက်တတ်ကြောင်း ဖြေသဖြင့် ဆေးမှူး ဆရာ သာလေးဒေးမှ ညဈေးက ၀ယ်လာသော စီးကရက် တလိပ် ထုတ်ပြီး မီးညှိပေးလိုက်သည်။ ဆေးလိပ် သောက်ပြီး စိတ်ငြိမ်သွားပုံရသဖြင့်
မေးခွန်း အနည်းငယ် မေးလိုက်သည်။

“မင်းနံမယ်”
“ကြည်အေး”
“ကိုယ်ပိုင်အမှတ်”
“၅၆၅ ၅၆၄”
“အဆင့်”
“တပ်သား”
“တပ်ဖွဲ့”
“မ-၃”
“လူမျိုး”
“ဗမာ”

၎င်းကို မေးနေစဉ် မိမိအတွေ့း၌ ဒဏ်ရာရ ရန်သူသည် မိမိတို့ ကရင်လူမျိုးကို သတ်ချင်လို့ မုန်းတီးလို့ စစ်ထဲဝင်ခြင်း မဖြစ်နိုင်။ စစ်အာဏာရှင်များ၏ စစ်တပ်ကြီးစိုးရေး၊ အာဏာတည်မြဲရေး စနစ်ဆိုးကြောင့် လူနေမှု အဆင့်အတန်း နိမ့်ကျပြီး စားရမဲ့၊ သောက်ရမဲ့ ဘ၀ ရောက်နေကြသဖြင့် စစ်ထဲဝင်လာခြင်း ဖြစ်မည်’ ‘အထက်အမိန့်အရ ကျားတက် ထိုးခြင်း’ ဖြစ်မည်။

သွေးထွက်လွန် နေသဖြင့် မျက်နှာ ဖြူဖတ်ဖြူယော် ဖြစ်နေသော တပ်သား ကြည်အေးကို ကြည့်ပြီး မိမိဖခင် (မန်းဘဇန်) ၏ သြ၀ါဒကို ကြားယောင်လာသည်။ “စစ်မြေပြင်မှာ ရန်သူကို ဖမ်းမိရင် မသတ်ရ၊ မနှိပ်စက်ရ၊ ကောင်းစွာ ဆက်ဆံပါ၊ ဒဏ်ရာနဲ့ဆိုရင် ဆေးကုပေးပါ” “စစ်သား စုဆောင်းရေးဟာ စစ်မြေပြင်မှာ ရှိတယ်”။

မိမိ ယုံကြည် ကိုးကွယ်တဲ့ သခင် ခရစ်တော်က “Love your enemy. သင့် ရန်သူကို ချစ်ပါ” လို့ သွန်သင် ခဲ့သည်။

မိမိ ဖခင်ရဲ့ သွန်သင်မှုနဲ့ သခင် ခရစ်တော်ရဲ့ သြ၀ါဒကို လက်တွေ့ အကောင်အထည်ဖော်ခွင့် ရလိုက်တဲ့အတွက် မိမိကြည်နူးမိသည်။ ထိုအချိန်၌ သေနတ်သံများ ပြန်လည်ပေါ်ထွက်လာသည်၊ တပ်သား ကြည်အေးအား ဆေးမှူးနှင့် ထားခဲ့ပြီး မိမိတပ်ရှိရာ ပြန်လာသည်။ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားလာသည်။ သေနတ်သံမျိုးစုံ ပေါ်ထွက်လာသည်။ ထိတွေ့မှု ဖြစ်နေသော (မ-၃) မှ လည်းကောင်း၊ ဖွေးထေရူမှ ပိတ်ဆို့မှု ယူထားသော (မ-၅) မှ လည်းကောင်း လက်နက်ကြီးများနှင့် စုပုံ ပစ်ခတ်လာသည်။

“လောကွားမှ တာဖ၊ ကစိုမှာ (လ-၂၈) ရောက်လာ။ နောက်ကျောက ပိတ်ဝိုင်းဖို့ရှိ။ ဒါကြောင့် အစီအစဉ်အတိုင်း ဆက်လုပ်” ဟု ညွန်ကြားလာသဖြင့် လူနာရှိရာသို့ ပြန်လာပြီး (မ-၃) တပ်ရင်းမှူးထံ စာတိုလေး ရေးခဲ့သည်။ ကြည်အေး စစ်ခုံရုံး မရောက်ရန်နှင့် ထောင်မကျရန်အတွက် “တပ်သား ကြည်အေးကို ဒဏ်ရာနှင့် ဖမ်းမိ။ ဆေးကုသမှုပြုခဲ့။ အသက်အန္တရာယ် မစိုးရိမ်ရတော့။ မိမိတို့ ဘာကြောင့် စစ်တိုက်နေလဲဆိုတာ နားလည်ပါဗျား” ဟု။ (‘မ’- ခြေမြန်တပ်ရင်း၊ ‘လ’- ခြေလျှင်တပ်ရင်း၊)

တပ်ခွဲ (၃) မှ ဗိုလ်ကူသေး (ကျဆုံး) အား အစီအစဉ်အတိုင်း စတင်ဆုတ်ခွာရန် ထပ်ဆင့် ညွန်ကြားလိုက်သည်။ မိမိလည်း ရဲဘော် ကြည်အေးကို ထင်းပုံကြား၌ ထားခဲ့ပြီး အစီအစဉ်အတိုင်း ဖားအီးသို့ ဆုတ်ခွာလာတော့သည်။ မိမိ တပ်ခွဲသည် (မ-၃) မှ ကျဆုံး တပ်မှူးနှစ်ဦးဖြစ်သော ဗိုလ်မြင့်အောင်နှင့် ဒု ဗိုလ်မြင့်ဝင်းကြူထံမှ သိမ်းပိုက် ရရှိလိုက်သော ဘရောင်နင် ပစ္စတိုနှစ်လက်နှင့် ကျန်အခြား လက်နက် (၆) လက်ကို ယူဆောင်၍ စုရပ်သို့ ပြန်လည် ထွက်ခွာလာတော့သည်။

တိုက်ပွဲတပွဲကတော့ ပြီးသွားပါပြီ။ အချိန်တိုအတွင်း ရန်သူ့ လက်နက် (၈) လက် ရရှိ။ မိမိဘက် ဒဏ်ရာ (၂) ဦး၊ မိမိ ကျည်သုံး စာရင်း ထောင်ဂဏန်းမျှသာ  ရှိသည်။ မိမိ အောင်ပွဲက ဒဏ်ရာနှင့် ဖမ်းမိသော ရန်သူ စစ်သုံ့ပန်းကို မိမိတို့ တပ်မတော်၏ သုံ့ပန်း ပေါ်လစီအတိုင်း တိကျစွာ ကျင့်သုံးနိုင် ခဲ့သဖြင့် ၀မ်းမြောက် ပီတိဖြစ်ရပါသည်။ အကယ်၍သာ တပ်သား ကြည်အေးတယောက် အသက်ရှင် နေသေးပါက အမိပြည်ထောင်စုတ၀ှမ်း ငြိမ်းချမ်း သာယာဝပြောရေး၊ လူမျိုးစုံ သွေးစည်း ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်နိုင်ပါစေဟု ဆုတောင်းလိုက်ပါသည်။

မန်းရောဘတ်ဘဇန်

သနူးထူး ဂျာနယ် (ဇန် ၂၀၁၀) မှ ပြန်လည် ဖော်ပြပါသည် …

written by Kyaw Cross


Leave a Reply

*
To prove you're a person (not a spam script), type the security word shown in the picture. Click on the picture to hear an audio file of the word.
Click to hear an audio file of the anti-spam word